တန်ဖိုး
တန်ဖိုး
❀ ❀ ❀
တစ်ခါတုံးက ရွာတစ်ရွာ မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။
အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်၀က် ပဲ ပါသတဲ့။
ကျန်တဲ့ အိုးတစ်လုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုး တစ်လုံး နဲ့ တစ်၀က် ပဲ... ရေသယ် လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုး အကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူ သတဲ့။ ငါက အပြစ် အနာအဆာ မရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။
အက်နေတဲ့ အိုးကလေး က စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများ လို အပြည့်မသယ်နိုင်ဘူး... တစ်၀က်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲ ၀မ်းနည်း နေတယ်တဲ့။
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေး က ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့် အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင် သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်၀က်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
အဲဒီ အခါမှာ ရေထမ်းသမား က ဘယ်လိုပြန်ပြောသလဲ ဆိုတော့... အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ် လမ်း တလျှောက်မှာ မင်း ရှိတဲ့ ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေ ပွင့်နေတာ မင်း သတိပြုမိရဲ့လား... တဲ့။
ငါက မင်း ရေစိမ့်နေ တယ် ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်း မှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ် လုံးလုံး ရေခပ်လမ်း က အပြန်မှာ မင်း က ဒီ ပန်းပင်လေးတွေ ကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... လှပတဲ့ ပန်းတွေပွင့်နေပြီ။
အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့ အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့ အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...
သင်ခန်းစာ ။ ။ လူတိုင်း မှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီ အားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။
ဒီ အားနည်းချက် အတွက် သဘာ၀ တရားကြီးက အစားတစ်ခုခု လည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင် မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။
©® အရှင် ဇာနေယျ(မေတ္တာအလင်းရောင်)
ဗဟုသုတကျေးရွာ
❀ စာပေချစ်သူများကို အစဉ်လေးစားလျှက် ❀
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
____________________________________
မူရင်းရေးသူအား
#Credit_ပေးပါသည်
Comments
Post a Comment