မိုက်မဲတဲ့ ယုန်
မိုက်မဲတဲ့ယုန်
တစ်နေ့မှာ ယုန်တစ်ကောင်က အပင်တစ်ပင်အောက်မှာ ထိုင်နေရင်းနဲ့ တခုခုကိုတွေးနေပါတယ်။ သူက ဆုံးဖြတ်ချက်တစ်ခုခုချဖို့ကို အမြဲတွေဝေနေတတ်ပါတယ်။ ထိုနေ့မှာတော့ “ခုနေများ ကမ္ဘာကြီး ပျက်သွားမယ်ဆိုရင် ငါဘယ်လိုလုပ်ရမလဲ” လို့ ထိုင်တွေးနေပါတယ်။ အဲဒီ့အချိန်မှာပဲ အပင်ပေါ်က အသီးတစ်လုံးက ယုန်ရဲ့ခေါင်းပေါ် ကြွေကျပါတော့တယ်။ မိုက်မဲတဲ့ယုန်က ဘာကိုမှဆက်မတွေးနိုင်တော့ဘဲ ကမ္ဘာကြီးပျက်ပြီ….လို့ အထင်ရောက်ကာ အသည်းအသန်ထပြေးပါတော့တယ်။ ယုန်ရဲ့စိတ်ထဲမှာ အသီးကြွေကျခြင်းက သူ့အတွေးထဲက ကမ္ဘာကြီး တကယ်ပျက်ပြီဆိုတဲ့အထင်နဲ့တွေးပြီး ကြောက်လန့်တကြားပြေးတာဖြစ်ပါတယ်။ မျက်လုံးစုံမှိတ်ပြီး နောက်ကိုလုံး၀လှည့်မကြည့်ဘဲ အားကုန်ပြေးပါတယ်။
ထိုယုန်ပြေးတာကိုမြင်တဲ့အခါ နောက်ထပ်ယုန်တစ်ကောင်ကနေ သူ့နောက်ကိုပြေးလိုက်ရင်းမေးပါတယ်။ “သူငယ်ချင်း…..ဘာဖြစ်တာလဲ၊ ငါ့ကိုလည်း ပြောပါအုံး”
ဒါပေမယ့်ပထမယုန်က အဖြေမပေးနိုင်ခင်မှာပဲ ဒုတိယယုန်က ပထမယုန်နောက် ကြောက်လန့်တကြားပြေးလိုက်ပါတော့တယ်။ နောက်ထပ်နောက်ထပ်သော ယုန်တွေကလည်း ရှေ့က ယုန်နှစ်ကောင်ကို “ဘာဖြစ်တာလဲ….ဘာဖြစ်တာလဲ ပြောပါအုံး….” လို့ ကြောက်လန့်တကြားမေးရင်း ပြေးလိုက်ကြပြန်ပါတယ်။
နောက်ဆုံးမှာတော့ ပထမယုန်က “ကမ္ဘာကြီးပျက်နေပြီ…….” လို့ပြောတဲ့စကားကို ကြားတဲ့ယုန်တွေက အသည်းအသန်ပြေးကြပါတော့တယ်။ ယုန်တွေအုပ်စုလိုက် အသည်းအသန်ပြေးလွှားနေတာကိုမြင်တဲ့အခါ တောထဲက သမင်တွေ၊ သိုးတွေ၊ ဆိတ်တွေ၊ နွားတွေ၊ ကျားတွေနဲ့ ခြင်္သေ့တွေကလည်း အသည်းအသန်လိုက်ပြေးကြပါတယ်။ အဲဒီ့အခါမှာ ဥာဏ်ရှိတဲ့ခြင်္သေ့တစ်ကောင်က စဉ်းစားပါတယ်။ “ဘာလို့ပြေးနေကြတာလဲ….” လို့ ပြေးနေတဲ့တိရိစ္ဆာန်အုပ်ကိုမေးလိုက်ပါတယ်။ အားလုံးကပြန်ဖြေပါတယ်။ “ကမ္ဘာပျက်နေပြီ…” “ဟုတ်ပြီ….အဲဒါဆို ကမ္ဘာပျက်တာကို ဘယ်သူက စမြင်သလဲ” လို့ ခြင်္သေ့ကမေးလိုက်တဲ့အခါ ဆင်တွေစမြင်တာကို ဖြေကြပါတယ်။ ဆင်တွေကိုမေးတဲ့အခါ ဆင်တွေက “ငါတို့စမြင်တာမဟုတ်ဘူး….ခြင်္သေ့တွေစမြင်တာ” လို့ဖြေပြန်တယ်။ ခြင်္သေ့တွေကိုမေးပြန်တဲ့အခါ “ကျားတွေစမြင်တာ….” လို့ဖြေပြန်တယ်။ ကျားတွေကိုမေးတဲ့အခါ ကျားတွေကနေ ကြံ့တွေကိုပြောပြန်တယ်။ ကြံ့တွေကနေ ဆတ်တွေမြင်တယ်၊ ဆတ်တွေကနေ ၀က်ဝံတွေကို ပြောပြန်တယ် အဲဒီလိုကနေ နောက်ဆုံးမှာတော့ ပထမဆုံးပြေးတဲ့ယုန်ဆီကိုရောက်သွားပါတော့တယ်။ ထိုအခါ မိုက်မဲတဲ့ယုန်ကဖြေပါတယ်။ “ ဟုတ်တယ်…ငါအပင်အောက်မှာထိုင်နေတုန်း ဝုန်းခနဲအသံကြီးကြားရပြီး ကမ္ဘာကြီးပြိုပြီဆိုတဲ့အထင်နဲ့ ထပြေးခဲ့တာ” အဲဒီ့မှာ ကျားတစ်ကောင်ကမေးလိုက်ပြန်တယ်။ “မင်းထိုင်နေတုန်း အသီးက ကြွေကျလာတယ်ပေါ့အဲဒါဆို…” “ဟုတ်တယ် အသီးတစ်လုံးကြွေကျလာတာ၊ ငါ့ကျောပေါ်ကိုပေါ့…” လို့ ယုန်ကပြန်ဖြေလိုက်ပါတယ်။ “ကဲ….အဲဒါဆို အဲဒီ့နေရာ ငါတို့ကို လိုက်ပြ” လို့ ကျားကော ကျန်တဲ့တိရိစ္ဆာန်တွေက ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ ပထမဆုံးယုန်ထိုင်နေခဲ့တဲ့ အပင်အောက်ကို ရောက်သွားကြပါတယ်။ အဲဒီ့နေရာမှာ ကြွေကျနေတဲ့အသီးကိုသာ တွေ့ရပြီး ဘာမှမတွေ့ရပါဘူး။ အဲဒီ့အခါကျမှ အကြောင်းရင်းကိုသေချာမသိဘဲ သေချာမစဉ်းစားဘဲ ကြောက်လန့်နေမိတာဖြစ်ကြောင်း သိရပါတော့တယ်။
သင်ခန်းစာ။ ဒီပုံပြင်လေးက အားလုံးလည်း ကြားဖူးပြီးသားဖြစ်မှာပါ။ ဒီပုံပြင်လေးထဲမှာ ကိစ္စတစ်ခုခုကို အကြောင်းရင်းသေချာမသိဘဲ ၊ သေချာမစဉ်းစားဘဲ ကြောက်လန့်တတ်ခြင်းက ကိုယ့်ကိုကိုယ်သာမက အခြားသူများကိုလည်း ထိခိုက်စေတတ်ကြောင်း သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ ဘယ်အရာမှာမဆို အကြောင်းရင်းဇစ်မြစ်သေချာသိအောင် ကြိုးစားပြီးမှ ဘာဆက်လုပ်သင့်သလဲဆိုတာ တွေးတောရမှာဖြစ်ပါတယ်။
________________________________
မူရင်းရေးသူအား
#Credit_ပေးပါသည်
__________________
Comments
Post a Comment